Tuesday, May 1, 2012

ကဝေတစ်ကောင်နဲ့ ဆောင်းတစ်ည


ကဝေကိုက်တဲ့ ဆောင်းတစ်ည ~  (Was Posted On Tuesday, April 21, 2009)

ဒီည အတော်လေး အေးတယ်.. ဒီဂရီကိုကြည့်လိုက်တော့ ဇီးရိုး..!! အချိန်က ညသန်းခေါင်ကျော်ကာစ ၁၂း၃၅ လောက်ရှိမယ်..။ အပြင်မှာ ဘယ်သူမှ မရှိတော့ဘူး.. ကျွန်တော် တစ်ယောက်တည်း..။ လွတ်လပ်မှုတွေ နဲ့ အားပါးတရ ပျံသန်းနေဆဲ “ဝုန်း..” ဆိုပြီး အရမ်းလှတဲ့ မိန်းကလေး တစ်ယောက် မျက်လုံး ရှေ့ မှာ ပေါ်လာတယ်.. ဒါ ရိုးရိုးတော့ မဖြစ်နိုင်ဘူး... ဘယ်လိုပါလိမ့်..!!

သူ့ကို မြင်တာနဲ့ ကျွန်တော် အလန့်တကြား သိလိုက်ပြီ.. “ကဝေမ” တစ်ယောက်ဆိုတာ... သူ ကျွန်တော့်ကို ပညာတွေ စပြတယ်.. ၁၂ကြိုး.. ၁၃ကြိုး.. ၆ကြိုး.. ၅ကြိုး... အိုး.. ဟို့..!! အကုန်စုံသွားတာပဲ.. ကျွန်တော် စောင့်ကြည့် ရင်းနဲ့ ကြက်သီးတွေ ထနေတယ်.. သူ ကြိုးလွဲသွားမှာကိုလေ..။ ဘယ်ရမလဲ ကျွန်တော် လည်း ဒါမျိုး မကြောက်လို့ ဒီလိုအချိန်မှာ ရွာရိုး ထွက်လျှောက် လာတာပဲ မဟုတ်လား..!! ကျွန်တော်လည်း ဒီ လောကသား ဆိုတာကို သူသိပုံမရဘူး.. ဒါပေမယ့် သူနဲ့ ကျွန်တော်က လိုင်းတော့ မတူဘူး..။ အထီးကျန်ကျန် နဲ့ ထွက်လာတာတော့ တူပုံ ရတယ်..။

ကျွန်တော်က ၁၅ ကို ဘောင်တက်ထားတဲ့ သေသူ ဖြစ်နေ ပြီးသား.. ဒါပေမယ့်  သူ့ကို ကျွန်တော် အလစ် မပေးရဲဘူး..။ သူက မျက်လုံး တောက်တောက်တွေနဲ့.. ကျွန်တော့် ဝှက်ဖဲကို စိတ်ဝင်စားနေတယ်.. ကျွန်တော်ကတော့ သူ့ရဲ့ မှောက်ထားတဲ့ တစ်ချပ်ကို မှန်းထားပြီးသား..။

မရည်ရွယ်ပါဘူး.. စိန်ခေါ်သလို အကြည့်တွေ နဲ့ စ လာလို့ ကျွန်တော့် ဝှက်ဖဲကို လှန်ပြလိုက် တယ်ဗျာ..။ သူ စက္ကန့်ဝက်လောက် အသက်ရှူ ရပ်သွားတယ်.. ဘာများ ဖြစ်နိုင်လဲ ဆိုပြီးပေါ့..!!

ကျွန်တော် ဝှက်ထားတဲ့ ကျွန်တော့်ရဲ့ Queen ကို ကြည့်ပြီး.. ပထမ သူပြုံးတယ်.. နောက်.. ဟက်ဟက်ပက်ပက် အော်ရယ်ရင်း သူ့ King တစ်ပါးကို ခပ်ကြွားကြွားလေး လှမ်းပြတယ်..။ သေနေသူချင်း အတူတူ နောက်ဆုံး သူကိုယ်တိုင် ဝန်ခံသွားခဲ့တယ်.. Queen ဖြစ်မယ်လို့ သူ.. ထင်မထားခဲ့ပါဘူး တဲ့..!! သူ့ပညာ မြင့်မမြင့် မသေချာပေမယ့် လုံးဝ မနိမ့်ဘူး ဆိုတာ ကြောက်ခမန်း လိလိ ကျွန်တော် သိနေပြန် တယ်..။

ကျွန်တော့်ကိုလည်း သူ့သားကောင်ဖြစ်အောင် တခြားနည်းတွေ ပြောင်းပြီး အမျိုးမျိုး ပညာစမ်း ဖမ်းစားနေ သေးတာ.!! သူ့ရဲ့ ရာဇဝင်ကို ကျွန်တော့် အာရုံနဲ့ မသိမသာ ခိုးကြည့်တော့.. ဟိုက်ရှားဘားးး.. မနည်း ပါလား..!! သူ့ စက်ကွင်းမှာမိလို့ ခစားနေ ကြတဲ့ သူတွေ.. ကျွန်တော်လည်း ပါမသွားအောင် သတိနဲ့ အသက်တွေ ရှူပြီး ရင် တလှပ်လှပ် စောင့်ကြည့်နေ ခဲ့ရတယ်..။

တစ်ချက်မှ အလစ်ပေးလို့ မရသလို ခြေချ မှားလို့ မဖြစ်ဖူးလေ..။ ဒီလိုနဲ့ ညသန်းခေါင် အချိန်ဟာလည်း နက်သထက် နက်လို့လာပြီ ကျွန်တော်ပြန်ရတော့မယ်.. စကားစကို ဖြတ်.. လက်ပြနှုတ်ဆက် ပြန်ခဲ့တယ်..။ ဘာလို့မှန်း မသိဘူး လေတစ်ချက်ချွန်လို့ ကျွန်တော်ပျော်ပြီး ပြန်ခဲ့တယ်..။ အပြန်လမ်းမှာ လွတ်အောင် ရုန်းခဲ့နိုင်တာလား..!! ငြိတွယ် ကျန်ခဲ့တာလား..!! ဝေဝေဝါးဝါး တွေးရင်း ကျွန်တော့်အာရုံမှာ ကဝေမ ကပ်ပါ လာတယ်...။

ဘယ်လိုပဲဖြစ်ဖြစ် လွတ်တော့ လွတ်မြောက် လာပြီဆိုတဲ့ အသိနဲ့ အသက်ကို တစ်ဝကြီး ရှူရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ချ လိုက်တယ်..။ “ဖြတ်” ကနဲ မျက်လုံးကို ဖွင့်လိုက်တော့ ကျွန်တော့် တစ်ကိုယ်လုံး တဆစ်ဆစ်နဲ့ နာကျဉ်ကိုက်ခဲလို့..။ နာရီကို ကြည့်လိုက်တော့ မနက် ၉း၃၀..။ “ဟိုက်..!! သွားပြီ... အလုပ်သွားဖို့ နောက်ကျနေပြီ..” ကျွန်တော် အလန့်တကြား ရေရွတ်ရင်း ပြုံးလိုက်တယ်.. ကျွန်တော် မနေ့ညက ကဝေမ တစ်ယောက် အကိုက်ခံ ခဲ့ရ တာပါလား..!!

သေချာတယ် ကျွန်တော့်စိတ်တွေ တစ်ချက်ပါသွား ခဲ့ပြီ... အဲ့ဒီ က.. ဝေ.. မ.. ဆီ.. ကို....။


ကဝေ တစ်ကောင်သို့ ~  (Was Posted On Sunday, April 19, 2009)


ကဝေမ တဲ့.!! စွတ်စွဲတာလား..! တင်စားတာလား..! သရော်တာလား..! မြှင့်ပေးတာလား..! သတ်မှတ် လိုက်တာ လား..! မင်း ချပြ လိုက်တာ လား..! ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နားဝမှာတော့ ချိုခဲ့ပါတယ်..။ မင်း ကိုယ်တိုင်ကကော ကဝေ တစ်ကောင်ပဲ မဟုတ်လား ကွယ်..!! ကဝေဟာ ကဝေညှို့တာ ပြန်ခံရတော့ စုန်းတွေ ထတောက်လိုက်တာ အဲ့ဒီည ကောင်းကင် တစ်ခုလုံး အရောင်တွေ စုံပြီး လက်လက်ကို ထလို့..။

အနီရောင် တောက်တောက်တွေ နဲ့ အပြာရောင်တွေ လွှမ်း အသွား စိတ်နှစ်ခု ရဲ့ ရင်ဘတ်တွေမှာ ခရမ်းပုပ် ရောင် ရင့်ရင့်တွေ က နေရာယူလို့ ပြုံးကြတယ်..။ ပညာချင်း ပြိုင်တာ မဟုတ်နိုင်ဘူး..။ ဒါဟာ ကြိုးနံပါတ် အသစ်တစ်ခုကို အတူတကွ သင်ယူကြတာ မျိုးလေကွာ..။ အဲ့လို မင်း မထင်ဘူးလား..!! အို... မင်းဘယ်လိုထင်ထင်ပါ ဒါကို ကိုယ် စိတ်မဝင်စားဘူး သိလား..! ကြိုးလွဲ သွားမှာကို စိုးရိမ်စိတ်တွေ နဲ့ မင်း ရှိနေခဲ့တယ် ဆိုတာ..။

မင်းလိုပါပဲ ကိုယ်ကိုယ်တိုင်လည်း အသက်တောင် ဝဝ မရှုခဲ့မိပါဘူး..။ သင်ယူနေတဲ့ ကြိုးကွက်တွေ လွတ်ထွက် သွားမှာစိုးလို့ပေါ့..။ ခနဲ့တဲ့တဲ့ ကဝေပြုံးတော့ မပြုံးနဲ့ ကိုယ့်ဆရာရေ~  ကဝေချင်း ခြေမြင်အောင် ပညာတော့ မစမ်းဘူး..။ အနုမြူရောင်ထက် တောက်တဲ့ အရောင်တွေ ကွန့်မြူးတဲ့ ညမှာ မင်းနဲ့ကိုယ်ဟာ ရဲဘော်ရဲဘက် သွေးသောက်တွေ ဖြစ်ခဲ့တာပဲ ဟုတ်..!!

မင်း ငြင်းဖို့ ကြိုးစားမယ်တော့ ကိုယ်မထင်ဘူး ကဝေရေ..။ နှုတ်ခမ်းနှစ်လွှာကို တင်းနေအောင် မင်း စေ့ထားနေမှာ ကိုယ်သိနေတယ်..။ လွှတ်ချလိုက်ပါ.. ဆုပ်ကိုင်ထားတဲ့ အရာတွေကိုပေါ့..။ မင်း တွေးမတွေးတော့ ကိုယ်မသိဘူး.. ကိုယ်တော့ အသစ် တက်လိုက်တဲ့ ကြိုးအကြောင်းနဲ့ အတွေးတွေက ချာချာလည် မူးနောက် လို့..။

ကဲ.. မင်းဘယ်လိုထင်လဲ ကဝေ..!! ကိုယ်တို့ နောက်တစ်ကြိုး အတတ်ကို အောင်မြင်စွာ ရခဲ့တာလား..!! လေ့လာဆဲ အဆင့်လား..!! ဒါမှမဟုတ် မင်းရော ကိုယ်ပါ ပြိုင်တူ ဂုဏ်ထူးထွက်ခဲ့ကြ တာလား...!! ကဝေတွေတော့ ကြိုးတွေရှုပ်လို့ ရုပ်သေးတွေဖြစ်လိုဖြစ်..။

ဟား.. ဟား.. ဘယ်လိုပဲဖြစ်ဖြစ် ကဝေမ တစ်ယောက်ကတော့ ကဝေတစ်ကောင်ကို သတိထားလိုက်မိပြီ ဆိုတာလေးပါပဲ..။ ကိုယ်ကတော့ လုံးဝ ပညာစမ်းမှာ မဟုတ်ဘူး..။ ကစားဖို့ကိုလည်း ကိုယ် စိတ်မဝင်စားပါဘူး ဒါ.. အသေအချာပဲ..။ ကဝေတွေ မှာလည်း ရင်ဘတ်တွေ ကိုယ်စီနဲ့ဆိုတာ မင်း မေ့ထားဖို့ မကြိုးစားလေနဲ့..။

ဒါဟာ ပေါ့ပေါ့လေး မဟုတ်ဖူး ကိုယ့် ကဝေရေ ~

နားလည်မှုတွေ နဲ့ ရင်းထားတဲ့ အရာတွေ အများကြီးဆိုတာ မင်းလည်းအသိ ကိုယ်လည်း အသိနဲ့ မို့ပါပဲ.......။

                      (ခင်လေးငယ်)

No comments: